အရင်တစ်ပတ်က Psychopath နဲ့ Sociopath အကြောင်းရေးတော့ အချို့သူတွေက အဲ့ဒီ၂ မျိုးထဲက ဘယ်တစ်ခုမှာ သူတို့ပါဝင်နေလဲ သိချင်ကြတယ်။ တကယ်တော့ အဲ့ဒီ၂ခုထဲမှာ မပါလည်း ဘာမှမဖြစ်ပါဘူး။ အဲ့ဒီ ၂ ခုဟာ Personality တွေ များစွာရှိတဲ့အထဲက နာမည်ကြီးထဲ ၂ ခုမို့ ဗဟုသုတရအောင် ရှင်းပြခဲ့ခြင်းသာဖြစ်ပါတယ်။ အဲ့ဒီ ၂ ခုထဲက အချို့အချက်တွေတူပြီး အချို့အချက်တွေ မတူတာလည်း ရှိမယ်။ လုံးဝမတူတာလည်း ရှိမယ်။ တူတူ မတူတူ ကိစ္စမရှိပါဘူး။ ဗဟုသုတရရုံသာ ဖတ်ထားသမျှ ပြန်ရှဲပေးခဲ့တာပါ။
အခုလည်း အခြား Personality တစ်ခုဖြစ်တဲ့ Narcissist အကြောင်းလေး ပြောပြပါအုံးမယ်။ ဒီတစ်မျိုးကတော့ ဘဝမှာ ၂ယောက်၃ယောက်လောက် တွေ့ခဲ့ဖူးပါတယ်။ အရင်ဆုံး ဒီအကြောင်း မပြောခင် အတ္တအကြောင်း နည်းနည်းပြောပါမယ်။ လူတိုင်းဟာ အတ္တနဲ့ တည်ဆောက်ထားတာချည်းပါပဲ။ အနည်းအများ အချိုးအစား ကွာခြားကြတာပဲရှိပါတယ်။ ကိုယ့်အတွက် ကိုယ်မတွေးတဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ လူတိုင်း ကိုယ့်အတွက် ကိုယ်တွေးကြပါတယ်။ ကျွန်တော်လည်း အတ္တရှိပါတယ်။ အတ္တဆိုတာ ရှိသင့်သလောက်ရှိရင် ကိစ္စမရှိပေမယ့် အတ္တကြီးလာတဲ့အခါမှာတော့ မကောင်းတာတွေ ဖြစ်လာတတ်ပါတယ်။ Narcissist ဆိုတာ အတ္တအင်မတန်ကြီးသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ လက္ခဏာတွေကတော့...
- မှားတာ ဘယ်တော့မှ ဝန်မခံဘူး။
- စိတ်ခံစားမှုကို ဦးစားမပေးဘူး။ သံယောဇဉ်ဆိုတာကို သဘောမကျဘူး။
- သူတို့ကို စိန်ခေါ်တာမျိုးဆိုရင် ဒေါသထွက်တတ်တယ်။
- သူတို့လိုချင်တာ မရတဲ့အခါ ကလေးဆန်ဆန် အပြုအမူတွေ လုပ်တတ်ကြတယ်။
- သူတို့ ရန်သူလို့ သတ်မှတ်ထားတဲ့သူရဲ့ စိတ်ကို အဓိကဖျက်ဆီးတတ်တယ်။ သူတို့ရန်သူရဲ့စိတ်ကို မသိမသာ Psycho တွေသွင်းတတ်တယ်။ သံသယစိတ်တွေ သွင်းတတ်တယ်။ ယုံကြည်မှု ကျဆင်းအောင် လုပ်တတ်တယ်။
- အငြင်းအခုံတွေ..သဘောထားမတူညီမှုတွေရှိတဲ့အခါ..အရမ်းတင်းမာတတ်ကြတယ်။
- ရန်သူလို့ သူတို့သတ်မှတ်ထားတဲ့သူကို ကလဲ့စားချေတတ်ကြတယ်။
- စာနာစိတ်မရှိဘူး။ လူတွေကို အသုံးချစရာ တစ်ခုထက်ပိုပြီးမြင်လေ့မရှိဘူး။
- သူများ လေးစားအားကျတာ အရမ်းလိုချင်ကြတယ်။
- ဝေဖန်ခံရတာ လုံးဝမကြိုက်ဘူး။
- စိတ်ဆိုး စိတ်ကောက်လွယ်တယ်။ စကားသိပ်အမှားမခံဘူး။
- သူတို့ပဲ အမြဲမှန်တယ်ထင်တယ်။
- Attention အရမ်းလိုချင်ကြတယ်။
အထက်ပါအချက်တွေထဲက တော်တော်များများ တူနေရင်တော့ သင် Narcissist တစ်ယောက်နဲ့ တွေ့နေပါပြီ။ သူတို့နဲ့ Relationship ရှိသူတွေဆို တော်တော်ခံစားရလေ့ရှိပါတယ်။ အစပိုင်း အချစ်ရေးအရမ်းကောင်းသလိုနဲ့ နောက်ပိုင်း သင်ဘာလုပ်လုပ် သူတို့အတွက် မလုံလောက်တော့သလို ဖြစ်လာပါလိမ့်မယ်။ အစစ အရာရာ အနစ်နာခံပြီး အရာအားလုံးပေးဆပ်တဲ့အခါ သူတို့က ရသမျှယူပါလိမ့်မယ်။ ဒါပေမယ့်သင့်ကို ပြန်ပေးတဲ့အရာက မရှိသလောက် ရှားလာပါလိမ့်မယ်။ ရုပ်ဝတ္ထုပစ္စည်းကိုပြောတာမဟုတ်ပါ။ ဂရုစိုက်မှု၊ ကြင်နာမှု၊ ဖေးမမှု စတာတွေ တဖြည်းဖြည်း နည်းပါးလာပါလိမ့်မယ်။ နောက်ဆုံးတော့ လှိုက်စားခံလိုက်ရပြီး ဘာမှ မကျန်တဲ့သူတစ်ယောက်လို ဖြစ်သွားပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ဂျုံးဂျုံးကျသွားပါလိမ့်မယ်။ အဲ့ဒါ Narcissist စစ်စစ်တစ်ယောက်ကို ချစ်မိတဲ့ သာမန်လူအများစု ခံစားရလေ့ရှိတဲ့အရာပါ။ (ကိုယ်ကိုယ်တိုင် သူနဲ့ စရိုက်အတူတူပဲ ဆိုရင်တော့ တစ်မျိုးပေါ့)
သာမန်လူတွေကတော့ တစ်နေ့နေ့များ ကိုယ်ချစ်တဲ့အချစ်တွေကို အသိအမှတ်ပြု ပြန်ဂရုစိုက်လေမလားဆိုပြီး ပေးဆပ်ရင်းနဲ့ လုံးပါးပါးသွားကြတာများပါတယ်။
Narcissistic Rage
Narcissistic Rage ဆိုတာလေးလည်း ပြောပြချင်ပါသေးတယ်။ သူတို့ဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ အစော်ကားခံရတာမျိုး..သူတို့ယုံကြည်ရာ တစ်ခုခု အစော်ကား ခံရတာမျိုးဆို ဒေါသအရမ်းထွက်တတ်ကြပါတယ်။ တော်တော်ကြီးကို ဆိုးရွားတဲ့ဒေါသပါ။ Control မရှိတော့လောက်အောင် ထွက်တတ်ကြပါတယ်။ ဒီနေရာမှာ Narcissist နဲ့ Psychopath ၂ မျိုးရောနေတဲ့သူမျိုး ဆိုရင်တော့ ဒုက္ခရောက်ပြီပေါ့။ ကလဲ့စားချေတာတွေ အရမ်းကြမ်းတတ်ပါတယ်။ သာမန် Narcissist တောင်မှ တခါတလေ ကလဲ့စားချေတာ ကြမ်းတတ်ပါတယ်။ သူတို့ကို သူတို့မြင်တဲ့ Self Esteem ဆိုတာကို သွားထိမိရင် ဒေါသမထိန်းနိုင်ဖြစ်တတ်ကြပါတယ်။ သူတို့ လျှို့ဝှက်ပြီး လူသိမခံချင်တဲ့အရာပေါ်သွားတာမျိုး..သူတို့ရဲ့ အရေးပါမှုကို မေးခွန်းထုတ်ခံရတာမျိုး..စတဲ့အခြေအနေမျိုးတွေမှာ ဒေါသထွက်တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ အမြဲတမ်း အမြင့်မှာ တင်ထားတဲ့အတွက် လူတွေအဲ့လိုသိသွားတဲ့အခါ အမြင့်ကပြုတ်ကျသလိုမျိုး ဖြစ်သွားတာဖြစ်ပါတယ်။
✍Narcissist တွေဘယ်လိုတွေးလဲ...✍
သူတို့နဲ့ဆက်ဆံတဲ့အခါ သူတို့ ဘယ်လိုတွေးလဲ သင်သိထားဖို့ လိုပါတယ်။ သူတို့တွေးတာနဲ့ သာမန်လူတွေတွေးတာ ကွာခြားလေ့ရှိပါတယ်။ သူတို့တွေးတာတွေက..
- ငါတောင်းပန်စရာမလိုဘူး..ငါဘာပဲပြောပြော မင်းနားလည်ပေးရမယ်။ လက်ခံရမယ်။
- ငါနဲ့အဆင့်အတန်းတူတာ သိပ်မရှိဘူး..ငါသည်သာ အကောင်းဆုံး.. ငါ့လောက်တော်တာ နည်းနည်းပါးပါးတော့ လောကကြီးမှာ ရှိလိမ့်မယ်။ ဒါပေမယ့် အခုထက်ထိ မတွေ့ဘူးသေးဘူး။
- စည်းမျဉ်းတွေ စည်းကမ်းတွေဆိုတာ သာမန်လူတွေ အတွက်ပဲ။ ငါ့အတွက် မဟုတ်ဘူး။
- မင်းတို့လည်း ငါ့လောက်တော်ရင်ကောင်းမယ်လို့ တစ်ခါတစ်လေတော့ စဉ်းစားမိသား။ ဒါပေမယ့် မင်းတို့ ဘယ်တော့မှ ငါ့လောက်တော်မှာ မဟုတ်ဘူး။
- ငါဘာပဲဖြစ်နေဖြစ်နေ မင်းက ငါ့အပေါ် သစ္စာရှိဖို့လိုတယ်။ (သစ္စာမရှိရင် မင်းအမှားပဲ။)
- ငါ့အောင်မြင်မှုတွေကို မင်းလေးစားဖို့လိုတယ်။ စိတ်ဝင်စားဖို့လိုတယ်။ ငါပြောမယ့်အရာတွေကိုလည်း အမြဲစိတ်ဝင်စားပါ။
- ငါက လူတွေကို အသုံးချတာ မဟုတ်ပါဘူး။ ငါ့နည်းငါ့ဟန်နဲ့ အလုပ်ပြီးအောင်လုပ်တာပါ။ သူများတွေ ထိခိုက်နစ်နာလား မနစ်နာလားငါစိတ်မဝင်စားဘူး။
- ငါပြောတာသာလိုက်လုပ်။ အဆင်ပြေလိမ့်မယ်။
- ငါ့သေးသေးမွှားမွှားလုပ်ပေးရင်တောင် ကျေးဇူးတင်ပါ။
အထက်ပါအချက်တွေက Narcissist အများစု တွေးတဲ့ပုံစံဖြစ်ပါတယ်။ သူတို့ကသင်တွေးသလို တွေးမှာမဟုတ်ဘူးဆိုတာ အမြဲသတိပြုပါ။ Narcissist တိုင်း အရမ်းဆိုးရွားကြတာတော့ မဟုတ်ပါဘူ။ ဘယ်လောက် အတ္တပြင်းထန်လဲ ဆိုတာပေါ်မူတည်ပြီး ဆိုးတဲ့အတိုင်းအတာ ကွာခြားတတ်ကြပါတယ်။ အောင်မြင်တဲ့သူတွေမှာလည်း အတ္တစိတ်ရှိတတ်ကြပါတယ်။ အတ္တလွန်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ Narcissist တွေလည်း ရှိပါတယ်။ ဥပမာ- ဟစ်တလာပေါ့။
ဆိုးဆိုးရွားရွား ရက်စက်တဲ့အဆင့်မရောက်ပဲ အောင်မြင်နေတဲ့အထဲမှာတော့ Kim Kardarshian, KanyeWest, Donald Trump ဘောလုံးလောကထဲမှာဆိုရင်တော့ မိုဗစ်ချ်၊ ခရစ်စတီယာနိုရော်နယ်ဒို၊ မော်ရင်ဟို၊ ဘာလော့တယ်လီ စတာတွေရှိပါတယ်။ သူတို့ကတော့ အတ္တစိတ်ကိုအခြေခံပြီး အောင်မြင်အောင် ကြိုးစားခဲ့ကြသူတွေဖြစ်ပါတယ်။
Narcissist ဖြစ်ခြင်းက ကောင်းလား...မကောင်းဘူးလား...အဲ့ဒါကတော့ မှတ်ချက်မပေးလိုပါ။ မိမိ တစ်ယောက်ထဲရဲ့ အမြင်ကိုပြောပါ ဆိုရင်တော့ အတ္တဟာ ရှိသင့်သလောက်ရှိတာ ကောင်းပါတယ်။ အခြားသူတွေကို မထိခိုက်သရွေ့ ဘာမှမဖြစ်ပါဘူး။ အခြားသူတွေ ထိခိုက်လောက်အောင် အတ္တကြီးတာကတော့ မကောင်းဘူးလို့မြင်ပါတယ်။
သင်ဟာ Narcissist, Psychopath, Sociopath တွေထဲမှာ တစ်ခုမှမပါလည်း ဘာမှမဖြစ်ပါဘူး။ Personality တွေထဲက နာမည်ကြီးတွေ Personality တွေကိုသာ ဗဟုသုတရအောင်
ဝေမျှတာဖြစ်ပါတယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
Ref: psychologytoday
Photo credit: Wikihow
