မင်္ဂလာပါ

ဟေမဝတနှင့် သာတာဂီရိ

ထိုနတ်ဘီလူးမင်းနှစ်ဦးသည် ကဿပဘုရားရှင် လက်ထက်တော်အခါက အလွန်ချစ်ခင်ကြသော သူငယ်ချင်း နှစ်ဦးဖြစ်ကြသည်။ ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး ဘုရားရှင်၏ဓာတ်တော်များကို စေတီတည်ပြီးနောက် နှစ်ဦးသဘောတူ သာသနာ့ဘောင်သို့ဝင်ကြပြီး ပရိယတ္တိကို တစ်ဖက်ကမ်းရောက်အောင် တတ်မြောက်သင်ယူခဲ့ကြသည်။ စာတတ်ပေတတ်၊ ကျမ်းဂန်လိမ္မာနှံ့စပ်၊ ဓမ္မစေတီထိုက်သော မထေရ်ကြီးများဖြစ်လာကြပြီးနောက် ဝိနည်းဓိုရ် အရာ၌ နှစ်ပါးလုံး တာဝန်ပေးခံရသည့် ဝိနည်းဓိုရ်ကြီးများလည်း ဖြစ်ကြလေသည်။
တစ်နေ့သ၌ ရဟန်းနှစ်ဖွဲ့ မှုခင်းပြဿနာအချင်းများကြရာ အဓမ္မဝါဒီဘက်ရဟန်းမှ မိမိ၏ အပြစ်ပြေပြောက်ရန် အလို့ငှာ ဝိနည်းဓိုရ်ဆရာတော်နှစ်ပါးထံ မိမိ၏အမှုအပြစ်ကိုဖုံးကွယ်ရန် ချဉ်းကပ်လေသည်။ အဓမ္မဝါဒီရဟန်းသည် မိမိဘက် ဝိနည်းဓိုရ်ဆရာတော်နှစ်ပါးကို ပိုင်ဆိုင်ပြီဟုဆို၍ ဓမ္မဝါဒီရဟန်းဘက်သို့ မလျော်သြဇာသုံးပြီး အနိုင်အထက် ပြုကျင့်လေသည်။ ဝိနည်းဓိုရ်ဆရာတော် နှစ်ပါးသည်လည်း ခင်မင်မှုမျက်နှာကို ထောက်ထားပြီး အဓမ္မဝါဒီရဟန်း၏ လုပ်ရပ်များကို အမှန်အဖြစ်အသိအမှတ်ပြုပေးလေသည်။
အဓမ္မဝါဒီရဟန်းသည် ဓမ္မဝါဒီရဟန်းကို ကျောင်းမှနှင်ထုတ်လေပြီ။ ဓမ္မဝါဒီရဟန်းသည် ဝိနည်းဓိုရ်မထေရ်ကြီး များထံသို့ ချဉ်းကပ်၍
“အရှင်ဘုရားတို့သည် သာသနာတော်၏ မျက်နှာကိုမကြည့်ဘဲ ပုဂ္ဂိုလ်၏မျက်နှာကို ကြည့်ကြကုန်၏။ သာသနာတော်ကို မစောင့်ရှောက်ကြဘဲ အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကို စောင့်ရှောက်ကြကုန်၏။ ယနေ့မှစ၍ အရှင်ဘုရားတို့သည် ဝိနည်းအဆုံးအဖြတ်ကို မဆုံးဖြတ်သင့်တော့ချေ၊ ယနေ့မှာမှ ကဿပမြတ်စွာဘုရားသည် အမှန်တကယ် ပရိနိဗ္ဗာန်စံခဲ့လေပြီတကား”
ဟု ကျယ်လောင်စွာမြည်တမ်း၍ “သာသနာတော်သည် ပျက်စီးခြင်းမလှ ပျက်စီးရလေပြီ” ဟု ငိုကြွေးလျက် ဖဲသွားလေ၏။ ထိုအခါ ဝိနည်းဓိုရ်မထေရ်ကြီးနှစ်ပါးသည် သံဝေဂရကြကုန်လျက်
“ငါတို့သည် အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကိုသာ ငဲ့ညှာစောင့်ရှောက်ကြကုန်လျက် သာသနာတော်တည်းဟူသော ရတနာစိုင်ကြီးကို ထူးအိုင်ကျောက်ကမ်းပါး၌ ပစ်ချမိခဲ့လေကုန်ပြီ” ဟု နောင်တတဖန် ပူပန်ကြရကုန်၏။
ထိုကုက္ကုစ္စဒဏ်ချက်ကြောင့် သေလွန်သောအခါ အထက်နတ်ပြည်သို့ မဖြစ်နိုင်ကြတော့ဘဲ တစ်ပါးသည် ဟိမဝန္တာတောအတွင်း ဟေမဝတမည်သောတောင်၌ ဟေမဝတ အမည်ရှိသော နတ်ဘီလူးမင်းဖြစ်ပြီး၊ တစ်ပါးသည် မဇ္စျိမဒေသအတွင်း သာတမည်သောတောင်၌ သာတာဂီရိအမည်ရှိသော နတ်ဘီလူးမင်းဖြစ်လေသည်။ ထိုနတ်ဘီလူးမင်းအသီးသီး၌ နတ်ဘီလူးအခြံအရံ ဗိုလ်ခြေတစ်ထောင်စီ ရှိကြကုန်သည်။
ဟေမဝတနတ်မင်းနှင့် သာတာဂီရိနတ်မင်း နတ်ဘီလူးနှစ်ဦးသည် နှစ်ကျိတ်ရှစ်ယောက်သော နတ်စစ်သူကြီး စာရင်းတွင်ပါဝင်၍ နတ်သဘင်အစည်းအဝေး တတ်ရောက်ခွင့်ရသော နတ်ဘီလူးမင်းများ ဖြစ်ကြလေသည်။ (သုတ္တနိ၊ဋ္ဌ၊ ၁-၁၉၃။ အကျယ်ကို မဟာဗုဒ္ဓဝင် ဒု-တွဲကြည့်)
ဟေမဝတနှင့် သာတာဂီရိ နတ်မင်းနှစ်ဦးသည် ထိုနတ်သဘင်အစည်းအဝေးတွင် တွေ့ဆုံကြသော် "အချင်းမိတ်ဆွေ ငါတို့ကား ပျက်စီးခြင်းကြီး ပျက်စီးကြရချေပြီ.... " ဟု အတိတ်ဘဝအမှားကို သံဝေဂရပြီး ပြင်းထန်စွာ နှလုံးမသာယာ ဖြစ်ကြလေသည်။ ထို့နောက် ဂေါတမဘုရားပွင့်ထွန်းခြင်း၊ တရားဦးဟောကြားခြင်းတို့ ဖြစ်ပေါ်လာပါက တစ်ဦးနှင့်တစ်ဦး သိသူကအကြောင်းကြားရန် ကတိကဝတ်ပြုထားကြလေသည်။
ဂေါတမဘုရားရှင်ပွင့်ထွန်းပြီး တရားဦးဟောတော်မူသောအခါ သာတာဂီရိနတ်ဘီလူးမင်းကြီးသည် ဖြစ်ပေါ်လာသော မြေငလျင်ကြီးလှုပ်ခြင်း၊ အံ့ဖွယ်သရဲထူးကဲသော နိမိတ်ကြီး ၃၂ ပါး ဖြစ်ပေါ်လာခြင်းကို သတိထားမိပြီး အကြောင်းအရာကိုစုံစမ်းရင်း ဘုရားရှင် ဓမ္မစက်ြာတရားဟောတော်မူနေသော မိဂဒါဝုန်သို့သွားရောက်ပြီး တရားဝင်ရောက် နာကြားလေသည်။ ထိုသို့ တရားကိုနာယူနေရင်း မိတ်ဆွေဖြစ်သူ ဟေမဝတနတ်ဘီလူးမင်းကို ပရိတ်သတ်ထဲ လိုက်လံကြည့်ပြီး မတွေ့သဖြင့် ငါကတိကဝတ်ပျက်ပြီဟု စိတ်နှလုံးမသာယာဖြစ်လေသည်။ ဟေမဝတနတ်ဘီလူးမင်းသည်လည်း ထိုသို့နှယ်ရှိလေသည်။ ဤသို့ စိတ်ပျံ့လွင့်နေကြသဖြင့် တရားဦးဓမ္မစက်ြာကို အစအဆုံးနာကြားခဲ့ရပါသော်လည်း အနှစ်သာရကို မမြင်မသိဘဲ တရားထူးလည်းမရချေ။
တရားနာအပြီး အခြံအရံနတ်ဘီလူးများနှင့် ဟိမဝန္တာသို့ ရှေးရှုသွားလေသည်။ နတ်ဘီလူးမင်းနှစ်ဦးသည် ရာဇဂြိုဟ်မြို့ပေါ် ကောင်းကင်၌ ဆုံမိကြပြီး ကတိကဝတ်ပျက်ခြင်းအား တောင်းပန်စကားဆိုပြီး မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့အားချီးမွမ်းစကားဆိုကြသည်။ ထို့နောက် မြတ်စွာဘုရားရှင်ထံ နတ်ဘီလူးမင်းနှစ်ဦးသည် ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ကြည်ညိုသဖြင့် မြတ်စွာဘုရား၏ ဟောကြားခဲ့သော တရားတော်တို့အားလည်ကောင်း ရတနာသုံးပါးနှင့် သာသနာတော်အားလည်းကောင်း၊ မြတ်စွာဘုရားရှင်ကို ကြည်ညိုယုံကြည်ကုန်သော ပရိသတ်လေးပါးအား လည်းကောင်း အစဉ်မပြတ် စောင့်ရှောက်ပါမည့်အကြောင်း ကတိပြုလျှောက်ထားကြကုန်သည်။
ထိုနတ်ဘီလူးမင်းနှစ်ဦး၏ အမည်နာမအား မဟာသမယသုတ်၊ မဟာအာဋာနာဋိယသုတ်​၊ အာဠာဝကသုတ် တို့တွင် အထင်အရှားတွေ့နိူင်သကဲ့သို့၊ မြတ်စွာဘုရားရှင်မှ ချီးမြှောက်သောအားဖြင့် ဟောကြားခဲ့သော ဟေမဝတ သုတ်တွင်လည်း အထင်အရှား ပါရှိလေသည်။
မြန်မာပြည်အနှံ့အပြား ဘုရားစေတီများ၌ ထားရှိသော ဘီလူးပုံများသည် မိဂဒါဝုန်တော၌ မြတ်စွာဘုရားရှင် တရားဟောကြားစဉ် နောက်ပါဘီလူးတစ်ထောင်စီခြံရံ၍ တရားတော်ကိုနာယူပြီး မြတ်စွာဘုရားထံချဉ်းကပ်၍ မေးခွန်းမေးကြသော၊ မြတ်စွာဗုဒ္ဓသာသာနာတွင် သာသနာကိုစောင့်ရှောက်ရန် ပထမဆုံးကတိပြုကြသူ၊ ဓမ္မကထိက သောတပန် နတ်ဘီလူးမင်းနှစ်ဦးဖြစ်သော ဟေမဝတနှင့် သာတာဂီရိ နတ်ဘီလူးမင်းတို့ကို အထိမ်းအမှတ်အဖြစ် ပြုလုပ်သော၊ ထိုနတ်ဘီလူးမင်းနှစ်ပါး၏ အကြောင်းအရာ၊ ဆောင်ရန်ရှောင်ရန် အဖြစ်အပျက်များကို သံဝေဂရစေရန် အလို့ငှာလည်းကောင်း၊ အစောင့်အရှောက် အကြီးအမှူးဂုဏ်ဒြပ်ကို ပြသခြင်းငှာလည်းကောင်း ပြုလုပ်သော ရုပ်ထုများသာ ဖြစ်ကြောင်း….

ဗဟုသုတအလို့ငှာ ဒေါ်စောနန်းကလျာ (09956386650) Page မှ ကူးယူဖော်ပြသည်။